London – အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဂုဏ်ပြုသည့်အနေဖြင့် London South Bank University, School of Law and Social Sciences (LSBU) ကဦးစီးပြီး UN Human Rights Day with LSBU Law ဟောပြောဆွေးနွေးပွဲကို ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၂ ခုနစ် ညနေ ၆ နာရီတွင် Keyworth Arts and Media Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို LSBU ကျောင်းသား/သူများနှင့် ဝန်ထမ်းများ၊ နိုင်ငံတွင်းမှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးစည်းရုံးလှုံဆော်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။

ထိုဟောပြောပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ စစ်အာဏာရှင်စနစ်အောက်တွင် ကျရောက်နေသော မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ ဆုတ်ယုတ်နေမှု၊ အလုပ်လက်မဲ့ဦးရေတိုးလာမှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ထုတ်ကုန်လျော့ကျနေမှုမြင့်တက်နေပြီး နိုင်ငံ၏အဆိုးဆုံးအချိန်ကို ရောက်ရှိနေကြောင်းဆွေးနွေးပြောကြားသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် လူမှုစီးပွားရေးအခြေအနေများ၊ တရားမဝင် စစ်အာဏာရှင်တို့၏ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု ခံစားနေရသော မြန်မာပြည်သူလူထုအတွက် နိုင်ငံတကာလူ့အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများပေးရန်အထူးလိုအပ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်အာဏာရှင်တို့၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူမှုများအကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသော Belarus, Iran, UK နိုင်ငံများမှ လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ဥပဒေပညာရှင်များ၊ ဥပဒေကျောင်းသား/သူများကလည်း လက်သုံးချောင်းထောင်ကာ မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြောင်း ပြသပြီး အဆိုပါ ဟောပြောဆွေးနွေးပွဲကို ည ၈ နာရီခွဲတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်