“ အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်ပွဲတော်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

National Unity Government

“ အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်ပွဲတော်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ”

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်

1. အစ္စလာမ်ဘာသာဝင်တို့၏ အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့အခါသမယတွင် မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှုတ်ခွန်းဆက်သပါသည်။

၂။ အစ္စလာမ်ဘာသာဝင်တို့သည် နှစ်စဉ် ရမဒွါန်လရောက်တိုင်း ဥပုသ်သီလ ဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ နွမ်းပါးသူများအား လှူဒါန်းခြင်း အစရှိသည့် ကောင်းမှုကုသိုလ် အပေါင်းကို ပြုလုပ်ပြီးသကာလ ဝါကျွတ်အိဒ်နေ့ဖြစ်သည့် အီဒုလ်ဖိသိရ်နေ့ကြီးတွင် မိသားစု၊ ဆွေမျိုး မိတ်သင်္ဂဟအပေါင်းနှင့် ရွှင်လန်းချမ်းမြေ့စွာ ကျင်းပကြသည် ဖြစ်သော်ငြား ယနေ့ကာလ မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာ လုပ်ဆောင်လျက်ရှိနေရာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့မှာလည်း မိမိတို့၏ ဘာသာတရားအား လွတ်လပ်၊ ပျော်ရွှင်၊ ကောင်းမွန်စွာ ကျင့်ကြံအားထုတ်မှု မပြုနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာ စိတ်မသက်မသာ ဖြစ်ရပါကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့နှင့်အတူ ထပ်တူ ခံစားရပါ ကြောင်း ပြောကြား လိုပါသည်။

၃။ ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် နိုင်ငံတကာရာဇာဝတ်မှုများကို အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာနိုင်ငံကြီးအများစုက လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး သိန်းချီသော ရိုဟင်ဂျာများက မိမိတို့၏ မူလဌာနေကို စွန့်ခွာ၍ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆင်းရဲကျပ်တည်းစွာ ခိုလှုံနေရသော မြန်မာပြည်သူပြည်သား ရိုဟင်ဂျာများ၏ ရမဒွါန်လအတွင်းနှင့် အီဒုလ်ဖိသိရ်ဝါကျွတ်အိဒ်ပွဲတော်တို့တွင် လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲခြင်း မပြုနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်ချင်းစာမိပါကြောင်း၊ ပြည်တွင်းမှ လက်ကျန် ရိုဟင်ဂျာများအပေါ်လည်း အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံသုံး ညှဉ်းပန်း အကျပ်ကိုင်မှု များကြောင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကာ ရမဒွါန်လအတွင်းနှင့် အီဒုလ်ဖိသိရ်ဝါကျွတ် အိဒ်ပွဲတော် တို့တွင် လွတ်လပ်ပျော်ရွှင်စွာဆင်နွှဲခြင်း မပြုနိုင်သည့်အပေါ်ကိုလည်း များစွာ စိတ်မကောင်း ဖြစ်ရပါ ကြောင်း ပြောကြားလိုပါသည်။

၄။ ယနေ့ကာလသည် မိမိတို့နိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး လှုပ်ရှား ရုန်းကန်နေရသည့် တော်လှန်ရေးကာလဖြစ်ပြီး မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြတ်ပြတ်သည်အထိ သက်ဆိုင်ရာ အင်အားစုအသီးသီးနှင့် ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးကြိုးပမ်းရာတွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှု ကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းလာရေးအတွက် လက်တွဲညီညီဖြင့် တူညီသော ပန်းတိုင်ဆီသို့ ချီတက်ရုန်းကန်သွားကြမည်ဖြစ်သည်။

၅။ သို့ပါ၍ ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်ဖိသိရ်ဝါကျွတ်အီးဒ်နေ့ အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာလျက် စိတ်ချမ်းသာကြပါစေကြောင်း ဘေးအန္တရာယ်ခပ်သိမ်း ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း ဤသဝဏ်လွှာကို ပေးပို့လိုက်ပါသည်။

National Unity Government

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top