“ အမျိုးသားညီညွတ်ရေးအစိုးရက (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

National Unity Government

“ အမျိုးသားညီညွတ်ရေးအစိုးရက (၂၄) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ”

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်

1. ယနေ့ကျရောက်သည့် ကယန်းတိုင်းရင်းသားတို့၏ (၂၄)နှစ်မြောက် ကယန်းအမျိုးသားနေ့ အခါသမယတွင် ပြည်တွင်း၊ ပြည်ပရှိ ကယန်းတိုင်းရင်းသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းမှ ကင်းစင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။ ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကြာလာကျေးရွာ၌ ကယန်းမျိုးနွယ်စုများဖြစ် သော ကယန်းကငန်၊ ကယန်းလထာ၊ ကယန်းကဲဒေါနှင့် ကယန်းကခေါင်းတို့သည် ကယန်းအမျိုးသား တစ်စုတစ်စည်းထဲအဖြစ် အမျိုးသားအလံတော် တစ်ခုအောက်တွင် ပေါင်းဆုံနိုင်ခဲ့ကြသည့် ညီလာခံ တစ်ရပ်ကို ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၈၊၉၊၁၀) နေ့တို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ထိုနေ့ထူးနေ့မြတ်ကို အစွဲပြု၍ ကယန်းအမျိုးသားနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့တွင်နှစ် ပေါင်း (၂၄) နှစ်မြောက်၊ နှစ်ပတ်လည်သို့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

၃။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် မအောင်မြင်သည့် စစ်အာဏာသိမ်းမှုတစ်ရပ်ကို အကြမ်းဖက် စစ်အုပ်စုက ဆင်နွှဲပြီးသည့်နောက် အခြားတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများနှင့် တန်းတူ ရင် ဘောင်တန်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းအုပ် ချုပ်ခွင့်ကို အပြည့်အဝ အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး ဘုံရည်မှန်းချက် (၂)ရပ်ကို ခိုင်ခိုင်မာမာ စွဲကိုင်ကာ ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ မြင်ရပါသည်။ တစ်စု၊ တစ်ဖွဲ့၊ တစ်ပြည်နယ် လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး ပြိုင် တူလွတ်မြောက်ရေးအတွက် အခြားတိုင်းရင်းသားများ အားလုံးနှင့် လက်တွဲညီညီ ဆောင်ရွက်နေမှု အတွက်လည်း ပြည်ထောင်စုသား တိုင်းရင်းသားများနှင့် ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါ သည်။

၄။ နှစ်ပေါင်းများစွာ တိုင်းပြည်၏ ဘဏ္ဍာငွေများကို အသုံးချပြီး ကိုယ်ကျိုးအတွက် တည်ဆောက် ခဲ့သည့် အကြမ်းဖက်စစ်အုပ်စုသည် တိုင်းရင်းသားဒေသများကို အမျိုးမျိုး ဖိနှိပ်လာခဲ့ရာမှ ယခုအချိန် တွင် နိုင်ငံတစ်ဝှမ်းလုံးကိုပါ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုများကို ဆိုးရွားစွာ ကျူးလွန်လုပ် ဆောင်ခဲ့ပါသည်။ ထိုအခြေအနေများကြောင့် အသက်၊‌ သွေး၊ ချွေး စတေး ပေးဆပ်ခဲ့ရသည့် ကယန်း တိုင်းရင်းသားများ၏ စွန့်လွှတ်အနစ်နာခံမှုများကိုလည်း အစဉ်အမြဲ လေးစားဦးညွှတ်လျက်ရှိပါသည်။

၅။ ကယန်းတိုင်းရင်းသားတို့သည် အတိတ်သမိုင်းတွင် ရှိခဲ့သည့် ညီညွတ်ရေးကို ယနေ့အချိန် အထိ မြဲမြံအောင် ဆက်လက်ထိန်းသိမ်းထားနိုင်မှုကို လေးစားအတုယူဖွယ်အဖြစ် အသိအမှတ်ပြုပြီး ကရင်နီပြည်နယ်မှ အစပြုကာ တစ်နိုင်ငံလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်လက် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

National Unity Government

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top