ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးပွဲကို၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗီဒီယို ကွန်ဖရင့်မှတဆင့်ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာ စကားပြောကြားပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးက ဝန်ကြီးဌာန၏မူဝါဒများ၊ ဖွဲ့စည်းပုံများ၊ ရည်မှန်းချက်များ၊ ကြားကာလအတွင်း မဟာဗျူဟာလုပ်ငန်းစဉ်(၅)ရပ်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ မူပိုင်ခွင့်ဆိုင်ရာများ၊ မူဝါဒ(မူကြမ်း)များ ရေးဆွဲထားခြင်း၊ ပြည်ထောင်စုအဆင့်ကော်မတီနှင့် ကော်မရှင်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုများ၊ နည်းပညာအကြံပေးအဖွဲ့များဖွဲ့စည်းခြင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပါသည်။

ထို့နောက် ရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တင်ပြဆွေးနွေး ခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အတွင်းဝန်၊ တွဲဖက်အတွင်းဝန်များနှင့် DG များ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to Top