ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားအား အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွား‌‌ေရးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ၂၀၂၂ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၊ နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ရာ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ကို ကျင်းပရခြင်းသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို လူအများသိစေရန် ၊ စားသုံးသူ အခွင့်အရေးနှင့်လိုအပ်ချက်များကို သိရှိစေရန် လိမ်လည်လှည့်ဖြားခြင်းမှ ကင်း‌ဝေးပြီး စားသုံးသူများ အတွက် အကာအကွယ်ပေးနိုင်စေရန် ရည်ရွယ်ပါကြောင်း ၊လူတိုင်းသည် နေ့တိုင်းစားသုံးသူဖြစ်နေသဖြင့် World Consumer Rights Day (WCRD) သည် နေ့စဉ်လူမှုဘ၀နဲ့ ဆက်စပ်နေပါကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် အခြေခံလိုအပ်ချက်များကို စားသုံးသူများ ပိုသိလာလေလေ၊ စားသုံးမှု ဆိုင်ရာ ဆုံးဖြတ်ချက်များကို ပိုမို ရွေးချယ်ဆုံးဖြတ်လာနိုင်မှာ ဖြစ်ကြောင်း ၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာ Fair Digital Finance ဖြစ်ပြီး တရားမျှတသော Digital Finance အတွက် ဆောင်ရွက်ရေး၊ စားသုံသူများအတွက် သိမြင်မှု နှင့် လုံ့ဆော်မှုများ ဖန်တီးရန် တွန်းအားပေးရေး ၊ စားသုံးသူကို ဗဟိုပြုခြင်း၊ သတင်းအချက်အလက်များကို အကာအကွယ် ပေးခြင်း၊ ဘေးကင်းလုံခြုံစေခြင်း စသည်တို့ကို ထည့်သွင်းစဉ်းစားသည့် Digital Finance လုပ်ငန်းများဆီသို့ ဦးတည် ရွေ့လျားရေး စသည်တို့ကို မီးမောင်းထိုးဖော်ပြထားကြောင်း၊ Digital Financial Inclusion သည် စီးပွားရေးလုပ်ငန်း နှင့် စားသုံးသူများအကြား အပြန်အလှန်ချိတ်ဆက်မှုကို အားကောင်းစေပြီး စရိတ်စကများကို လျှော့ချလာစေခြင်းများ စသည့် အခွင့်အရေးများရရှိစေခြင်းကြောင့် ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဝန်ဆောင်မှုများ မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ငွေကြေး စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့်စောင့်ကြည့်စစ်ဆေးခြင်း ယန္တရားများ ကောင်းမွန်လာစေရေး တို့အတွက် အမျိုးသားအဆင့် မဟာဗျူဟာများနှင့်လုပ်ငန်းစီမံချက်များ ချမှတ်ခြင်း ၊ risk management များလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဆရာမဒေါ်နန်းသူဇာမှ ကြိုဆိုနှုတ်ဆက်အဖွင့်စကား ဆက်လက်ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် စားသုံးသူရေးရာ မူ၀ါဒ (မူကြမ်း) များကို ပြင်ဆင်ရေးသားပြီး၊ stakeholder consultation meeting များကို လည်း ပြုလုပ်လျက်ရှိကြောင်း၊ စားသုံးသူအခွင့်အရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းနှင့် နှစ်စဉ်အခမ်းအနားများကျင်းပခြင်းသည် အရေးပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က Consumer Vision for Fair Digital Finance ဖြင့် ဟောပြောဆွေးနွေးတင်ပြရာ စားသုံးသူများ အခွင့်အရေးများအကြောင်း ၊ ပြောင်းလဲလာသော ဒစ်ဂျစ်တယ်နည်းပညာအကြောင်း ၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများနှင့် အတူ ပေါ်ထွက်လာသော New Risks များအကြောင်း ၊ ငွေကြေးဆိုင်ရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အခြေခံမူများ အကြောင်း တို့ကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

ထို့နောက် စားသုံးသူအခွင့်အရေးများကို ပြည်သူများကိုသိရှိစေရန် အတွက် အသိပညာ ဖြန့်ဝေ ပေးခြင်းများ၊ ဟောပြောဆွေးနွေးချက်များကို ပိုမိုလုပ်ဆောင်ရမည့် အခြေအနေများ၊ မြေပြင် အခြေအနေတွင် စားသုံးသူများကြုံတွေ့နေရသောစိန်ခေါ်မှုများ၊ အခက်အခဲအခြေအနေများ၊ စီးပွားရေး လုပ်ငန်းရှင်များမှ စားသုံးသူကာကွယ်ရေးဥပဒေများကို လိုက်နာပြီး စားသုံးသူများကို အလေးထား ဆောင်ရွက်ရမည့် အခြေအနေများ၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကြောင့် စားသုံးသူများ ကြုံတွေ့နေရသည့် စားသုံးသူ အခွင့်အရေးဆုံးရှုံးနေမှု အခြေအနေများနှင့် ရင်ဆိုင်နေရသော အခက်အခဲများအကြောင်း ၊ စားသုံးသူအခွင့်အရေးများရရှိရန် ရှေ့ဆက်ဆောင်ရွက်ရမည့် အခြေအနေ တို့ကို အလုပ်သမားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဆရာဉီးကျော်နီ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဆရာမင်းဇေယျာဦး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာနမှ အကြံပေး ဆရာဂျွန်၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနမှ အကြံပေး ဆရာမမြနန္ဒာသင်း၊ စီးပွားရေးရာဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာ ဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တို့က ဦးဆောင်အကြုံပြု ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက် လာသူများမှလည်း စားသုံးသူအခွင့်အရေးအခြေအနေများ၊ နည်းပညာလိုအပ်ချက်များ၊ ထုတ်ကုန် တန်ဖိုးမြှင့် လိုအပ်ချက်များ၊ ၀န်ဆောင်မှုရေးရာ လိုအပ်ချက်များ၊ SME လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အကြံပြုပါ၀င်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင် ဒုတိယဝန်ကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ CDM များ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး၊ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အပိတ်ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ညနေ (၄) နာရီတွင် ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to Top